News details

ကိုဗစ်-၁၉ ရောဂါဖြစ်ပွါးနေစဉ် အနံ့အရသာ ပျောက်ခြင်း/ လျော့ခြင်းနှင့် လုပ်ဆောင်နိုင်သော အရာများ

Uncategorized Jul 19, 2021

ကိုဗစ်-၁၉ ရောဂါဖြစ်ပွါးနေစဉ် အနံ့အရသာ ပျောက်ခြင်း/ လျော့ခြင်းနှင့် လုပ်ဆောင်နိုင်သော အရာများ

(Dr ဆုမြတ်သဇင်၊ အာဟာရအထူးပြုဆရာဝန် (Clinical Nutritionist, Pun Hlaing Hospital)

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူတွေမှာ အနံ့ပျောက်ခြင်း (သို့) အရသာပျောက်ခြင်း (သို့) ၂ မျိုးစလုံးခံစားရလေ့ရှိပါတယ်။

  1. အနံ့ လုံးဝပျောက်သွားခြင်း (anosmia) နဲ့
  2. အနံ့အာရုံလျော့သွားခြင်း (hypoosmia)


ဆိုပြီး ရှိပြီး ကိုဗစ်လူနာ ၅၀-၇၀% မှာ ကြုံတွေ့ရတတ်ပါတယ်။

(ကိုယ်တိုင်လည်း ပိုးကူးခံရကြောင်းသိပြီး ၂ ရက်မြောက်မှာ အနံ့ပျောက်သွားပါတယ်၊ လုပ်စရာရှိတာလေးတွေ လုပ်၊ ကောင်းကောင်းအိပ် ကောင်းကောင်းစားပြီး >> ၈ ရက်မြောက််မှာ အနံ့ရေးရေးလေးပြန်ရလာပါတယ်)အနံ့အရသာပျောက်သွားခြင်းရဲ့ နောက်ဆက်တွဲ ပြသာနာကတော့ အစားအသောက် မစားချင်ခြင်း၊ နောက်ဆက်တွဲ အားပြတ်ခြင်းနဲ့ နာလန်ထူချိန်ကြာမြင့်ခြင်းတွေပဲဖြစ်ပါတယ်။ ဒီလို ခံစားနေရတဲ့လူနာတွေ ကိုယ်တိုင် ဘာလုပ်လို့ရလဲ၊ ဘာတွေလုပ်ပေးနိုင်လဲ ပြောပြပေးချင်ပါတယ်

  1. အနံ့ပျောက်ခြင်းအတွက် ဆေးမရှိပါ။ ဒါပေမယ့် အန်ချင်တာ၊ အစာမကြေတာ၊ ပျို့ခြင်းအန်ချင်တာအတွက် ဆေးတွေရှိပါတယ်။ ပျို့အန်နေချင်တဲ့နေ့တွေမှာဆို အအန်ပျောက်ဆေးသောက်ပြီး အစားဝင်အောင်စားပါတယ်။

    • အန်ချင်နေရင် အနံ့ပြင်းတာတွေ မစားပါနဲ့။ ပျော့ပြောင်းပြီး မျိုချရလွယ်တာလေးတွေ စားပေးပါ။
    • ဆန်ပြုတ်ပဲသောက်သောက်၊ စွပ်ပြုတ်ပဲသောက်သောက် အသား/ငါး/ကြက်ဥ (သို့) ပဲတစ်မျိုး ပါပါစေ။ (အသားဓာတ်နည်းရင် နာလန်ထမှာ နုန်းပြီး အားပြတ်သလို ခံစားရတတ်ပါတယ်။)
    • နည်းနည်း နဲ့ ခဏခဏ စားပေးပါ။ ကိုဗစ်မှာ မြင်ရတဲ့ကြွက်သားတွေပဲ ဆုံးရှုံးတာမဟုတ်ပါဘူး။ နှလုံးနဲ့ အဆုတ်ကြွက်သားတွေလည်း အားနည်းဆုံးရှုံးသွားတတ်ပါတယ်။ ဒါကြောင့် မောခြင်း၊ နုန်းခြင်းတွေ ဖြစ်တာပါ။ ချောင်းဆိုးတာလည်း ကြာရှည်တတ်ပါတယ်။
    • ဒါကြောင့် အသားသေချာစားခိုင်းတာပါ
    • အသားစားမဝင်ရင် ကြက်ဥအကာ/ အာဟာရအားဖြည့်အရည်တွေတိုက်ပေးပါ(ရောဂါအလိုက် ဘာသောက်သင့်လဲ သိချင်ရင် ဒီပိုစ့်အောက်မှာ မေးမြန်းနိုင်ပါတယ်။ အချိန်ရသလောက် ဖြေပေးသွားပါမယ်) (ဥပမာအနေနဲ့ Ensure က ချွဲထတယ်ထင်ရင် ၄ ဇွန်း ရေ ၂၀၀ နဲ့ဖျော်တိုက်ပြီးရင် ရေ ၁၀၀ စီစီထပ်တိုက်ပေးပါ။ (ရောဂါအခံမရှိမှသာ ensure ကတည့်ပါတယ်။ ဒါလေးကို မမေ့ပါနဲ့)

  2. သံပရာ/သံပယို + ရေနွေး အရည်ထဲကို စမုံစပါးလေးအနည်းငယ်ထည့်ပြီး အငွေ့ကို ရှူပေးနိုင်ပါတယ် (အောက်ဆီဂျင်ကျနေရင် အောက်ဆီဂျင်ပဲ သေချာရှူပါ။ ဒါက အကူအနေနဲ့ပဲ ရှူနိုင်တဲ့အရာဖြစ်ပါတယ်၊ အောက်ဆီဂျင်ကို မတက်စေပါဘူး)

  3. နေကောင်းသွားပြီး >> အနံ့ပျောက်နေတာ တစ်ခုပဲ ကျန်တယ်ဆိုရင်

    • မြင်ကရာအားလုံး တစ်နေကုန် လိုက်မရှူနေပါနဲ့။ စိတ်ဓာတ်ကျတာပဲ အဖတ်တင်ပါမယ်
    • မနက်တစ်ကြိမ် ညတစ်ကြိမ် >> အမျိုးအစားမတူတဲ့ အနံ့လေးမျိုးကို စက္ကန့် ၂၀-၄၀ ကြာ ရှူကြည့်ပါ။ ရရင် ပြန်ကောင်းပါပြီ။ မရသေးရင် နောက်နေ့ ပြန်စမ်းပါ။
    • မတူတဲ့အနံ့တွေ ရှူကျင့်ခြင်းအားဖြင့် နှာခေါင်းထဲက အနံ့ခံအာရုံကို ပြန်လည်နှိုးဆွပေးပါတယ်

  4. အစားပျက်တာအတွက်ကတော့ အစားစားချင်စိတ်ကိုဖြစ်စေတဲ့ အားဆေးရည်လေးတွေ သောက်ပေးနိုင်ပါတယ် (ဥပမာ - neogadine) ဒီနေရာမှာ အကြံပေးချင်တာက ပိုးသတ်ဆေးပြင်းတွေက အစားပျက်စေပါတယ်။ အစားပျက်တော့ အားပြတ်ပြီး နာလန်မထူနိုင်ပါဘူး။ ဒါကြောင့် မလိုအပ်ပဲ ပိုးသတ်ဆေးပြင်းတွေကို သောက်တာ အားမပေးပါဘူး။ >> ပိုးသတ်ဆေးပြင်းတွေ သောက်နေတယ်ဆိုရင် ပိုစားပါ။ လူကြီးဆိုရင်လည်း ချော့တစ်လှည့် ခြောက်တစ်လှည့် ကျွေးပေးပါ။

  5. အားရင် မှောက်နေပါ။ အစားစားပါ။ ပြန်မှောက်နေပါ။ ရေ ၂-၃ လီတာ သောက်ပေးပါ။

  6. တတ်ကျွမ်းတဲ့ဆရာဝန်တွေနဲ့တိုင်ပင်ပြီး ဗီတာမင်အားဆေးတွေကို (လိုအပ်မှသာ) သောက်သုံးပါ။ ဆေးတွေ စျေးကြီးပြီး ရှားနေတာကြောင့် မသောက်နိုင်လည်း စိတ်ဓာတ်လုံးဝမကျပါနဲ့။ (ကိုယ်တိုင်လည်း ဘာ ဗီတာမင်မှမသောက်ပဲ ပြန်ကောင်းလာတာပါ။ သောက်ချင်သပဆိုရင်တောင် ညွန်းမှ လိုမှ သောက်ပေးပါ)

ကိုဗစ်ကြောင့် ရင်ဆိုင်နေရတဲ့ ဒုက္ခတွေအမြန်ဆုံး သက်သာနေကောင်းသွားကြပါစေ။

Dr ဆုမြတ်သဇင်

Credit to https://www.facebook.com/sumyat.thazin.165